Content/copywriting အလုပ်လုပ်တယ်လို့ပြောရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထိ အဲ့ဒါ ဘာအလုပ်လဲလို့ တော်တော်များများ ပြန်မေးကြပါတယ်။ ဒီအလုပ်က ဟိုးအရင်ကတည်းက ရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာ social media လူမှုမီဒီယာတွေ ခေတ်စားလာတဲ့အချိန်မှာမှ လူသိများလာခဲ့တာပါ။
ဘွဲ့ Degree ရယူထားဖို့ လိုအပ်လား
မလိုအပ်ပါဘူး။ စာရေးဖူးတဲ့ အတွေ့အကြုံရှိတယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် အလုပ်တွေခေါ်တဲ့အခါ အစမ်း ၁ ပုဒ်၊ ၂ ပုဒ် စမ်းရေးကြည့်ခိုင်းတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာစာရေးတတ်တိုင်း ဒီအလုပ်လုပ်လို့ ရတာမျိုးတော့လည်း မဟုတ်ပြန်ပါဘူး။ content ရေးတာမှာလည်း ကိုယ်ရေးမယ့် channel ဥပမာ Facebook စာမျက်နှာဆိုရင် စိတ်ဝင်စားဖို့ကောင်းအောင် စကားပြေလို နားလည်လွယ်အောင်၊ press release တို့လိုစာတွေ၊ ရုံးတွေကို ပို့မယ့် စာဆိုရင် formal ကျတဲ့ ရေးသားပုံဖြစ်အောင် ပြောင်းလဲပြင်ဆင်ပေးရပါတယ်။ နောက်တစ်ချက်က လူမှုမီဒီယာမှာတော့ လူတွေ စာရေးတဲ့အခါ စာလုံးပေါင်း ဘယ်သူမှ အလေးမထားပေမယ့် ကိုယ်က ကိုယ့်ရဲ့ brand ကို ကိုယ်စားပြုမယ့်သူဆိုတော့ စာလုံးပေါင်းသတ်ပုံ သေချာဂရုစိုက်ပြီး မမှားအောင် ရေးရပါမယ်။
အတွေ့အကြုံ ဘယ်လိုယူမလဲ
ရုံးတွေက ကိုယ်ပိုင် in-house တွေ ခေါ်လေ့ရှိပေမယ့် လူအများကြီး တစ်ခါတည်း ခေါ်ထားဖို့ မလွယ်တာကြောင့် အတွေ့အကြုံရှိတဲ့ လူတွေကို ခေါ်တာပိုများပါတယ်။ အေဂျင်စီတွေမှာတော့ content writing အတွက် ၆ ယောက်လောက် ရှိတတ်တာမို့ junior တွေ intern တွေ ခေါ်လေ့ရှိပါတယ်။ တကယ်သင်ချင်တဲ့ စိတ်ရှိရင်၊ စာတွေ ဖတ်ရတာ ရေးရတာ ကြိုက်ရင် အလုပ်တကယ်ဝင်ကြည့်လိုက်တာ အကောင်းဆုံးပါပဲ။
လိုအပ်တဲ့ skill တွေက ဘာတွေလဲ
- စာလုံးပေါင်း သတ်ပုံ မှန်ရပါမယ်။
- ကိုယ်ရေးမယ့် channel အလိုက် ပရိသတ်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ စာရေးနည်း ဖြစ်ရပါမယ်။
- ကိုယ့် brand အကြောင်း ဖွတ်ဖွတ်ညက်ညက်ကြေအောင် သိရပါမယ်။
- လူစိတ်ဝင်စားဖို့ကောင်းမယ့် အချက်တွေက ဘာတွေလဲ သိရပါမယ်။ (စာအဖွင့်က လူတွေကို အဆွဲဆောင်နိုင်ဆုံးမို့ အစကမှ စိတ်ဝင်စားဖို့ မကောင်းရင် ဘယ်သူမှ ဖတ်မှာ မဟုတ်ပါဘူး။)
- Creative သူများနဲ့ မတူတာတွေ စဉ်းစားတင်ပြနိုင်ရပါမယ်။ လွယ်မယောင်နဲ့ ခက်ပါတယ်။ နိုင်ငံတကာက ဖန်တီးထားတဲ့ creative ဖြစ်တဲ့ campaigns တွေကို ကြည့်ပြီး ထပ်ကွန့်စဉ်းစားပါ။
- ကိုယ်ရေးမယ့် product က အသစ်ဆိုရင် ဒီ product ရဲ့ အားသာချက်ကို ကိုယ်တိုင်ရှာရမှာပါ။ product ကို ထုတ်ခဲ့တဲ့၊ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေအများကြီးနဲ့ စကားပြောပြီး ဘယ်အားသာချက်နဲ့ ဈေးကွက်ကို ဖောက်မှာလဲဆိုတာ department အစုံက လူတွေနဲ့ စကားပြောရမှာမို့ စူးစမ်းလေ့လာစိတ်၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြောဆိုဆက်ဆံရေးတွေလည်း ကောင်းမွန်ရပါမယ်။
- Research လုပ်တဲ့အကျင့်လေးလည်း မွေးရပါမယ်။ ကိုယ်ဘာရေးရေး လုပ်လို့ရတာမဟုတ်လို့ သူများတွေ ရေးသားပုံ၊ စာကို စိတ်ဝင်စားအောင် ဘယ်လို ဆွဲခေါ်ပုံ၊ စာကို ခန့်ညားအောင် ဘယ်လိုရေးပုံ၊ အချက်အလက်တွေ ကိုးကားမယ်ဆိုရင်လည်း မှန်ကန်တဲ့ အချက်အလက်တွေ ဖြစ်ဖို့ သေသေချာချာ အားလုံးကို စူးစမ်းလေ့လာရပါမယ်။
ဘယ်လို position တွေ ရှိလဲ
မြန်မာနိုင်ငံမှာတော့ Junior နဲ့ Senior Position ပဲ များပါတယ်။ creative လည်းဖြစ်ပြီး ကိုယ်ပိုင် စိတ်ဝင်စားဖို့ကောင်းတဲ့ campaign တွေ ဖန်တီး propose လုပ်နိုင်ရင်တော့ Creative Director ဆိုတဲ့ ရာထူးအထိ သွားနိုင်ပါတယ်။ Content ပိုင်းထိပဲ စဉ်းစားထားတယ်ဆိုရင် Content Manager လို Position တွေလည်းရှိပါတယ်။ စိတ်ကူးက အစ၊ တကယ်အကောင်အထည်ဖော်နိုင်တဲ့ အဆင့်ဆင့်ကို ကျွမ်းရင် Creative Producer ရာထူးလည်း ရှိပါတယ်။
ပျမ်းမျှလစာ
ခေါ်ယူတဲ့ ကုမ္ပဏီနဲ့ လုပ်ရတဲ့ တာဝန်ယူမှုအပိုင်းမှာ မူတည်ပြီး အမျိုးမျိုး ကွာခြားပါတယ်။ (၂) သိန်းကနေ (၁၉) သိန်းအထိ ရှိတာ တွေ့ဖူးပါတယ်။ နိုင်ငံတကာ အတွက်နောက်ပိုင်း ဒီမှာ Update လုပ်ပေးပါမယ်။
အခြား tips များ
စာများများ ဖတ်ပြီး ကိုယ်တိုင် ရေးကြည့်ပါ။ အသိတွေကို ဖတ်ခိုင်းပြီး နားလည်ရဲ့လားမေးပါ။ ကိုယ်တိုင် creative ဖြစ်ဖို့ကလည်း အရေးကြီးတာမို့ စိတ်ဝင်စားစရာ content လေးတွေ တွေ့တဲ့အခါ တစ်ဆက်တည်း ငါသာဆို ဘယ်လိုလုပ်မလဲ ဆက်တွေးပါ။ အတွေးလေးတွေ ပေါ်လာတာရှိရင် ချရေးထားပါ။ တစ်နေရာမဟုတ် တစ်နေရာ အသုံးတည့်ပါလိမ့်မယ်။ Cannes Lions က Creative award ရထားတဲ့ video တွေ၊ YouTube တို့ Google တို့မှာ ရှာကြည့်ပြီးလည်း ကိုယ်တိုင်အတွက် ပြန်လည်အသုံးချဖို့ လေ့လာနိုင်ပါတယ်။

Su Mon Tun is a creative marketer with over 9 years of experience in brand marketing, content marketing and social media marketing, developed in a variety of work positions and volunteer roles.
Expertise in developing end-to-end marketing strategies, implementing promotional plans, managing brand communications through internal and external channels.
Currently working as Marketing Manager at Grab Myanmar.