fbpx
Have a question?
Message sent Close

English Language Teacher ကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ

English Language Teacher

ကျွန်တော့်အနေနဲ့ ကျွမ်းကျင်ပညာရှင်မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ career ကိုတယောက်တည်းစခဲ့ရသလို စတင်ကြမယ့် လူငယ်များအတွက် experience sharing သဘောမျိုးနဲ့ ရေးသားမျှဝေပေးပါရစေ။

English သင်ကြားရေးကိုစိတ်ဝင်စားပြီး General English, Communicative English စတဲ့ခေါင်းစဉ်အောက်ကနေပြီး သင်ကြားလိုတဲ့ ညီငယ်၊ညီမငယ်လေးတွေအတွက် ဒီဆောင်းပါးလေးကို အကျိုးရှိပါလိမ့်မယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်မှာ ကိုယ်တိုင်တယောက်တည်း teaching career ကိုစတင်ခဲ့ပြီး ကျွန်တော့်အတွက် အထူးအရေးပါခဲ့တဲ့ resources တွေကို ဒီနေ့ကျွန်တော့်ဖက်ကနေ ပြန်လည်မျှဝေပေးပါရစေ။

Degree တခုရယူခြင်း

ကိုယ်က English ကိုသင်ကြားတဲ့သူဖြစ်တဲ့အတွက် English နဲ့ပတ်သက်တဲ့ degree တခုကို လက်ကိုင်ထားတာက ပိုသင့်လျှော်ပါတယ်။ ကျွန်တော့် ဒီ career ကိုစဝင်တုန်းကို degree ရရှိဖို့ နှစ်အနည်းငယ်လိုသေးပေမယ့် English Specialisation ကျောင်းသားဖြစ်တဲ့အတွက် လုပ်ငန်းမှာပိုမို လွယ်ကူထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။

တကယ်လို့ English Specilisation မဖြစ်နေသည့်တိုင် English language နဲ့သင်ကြားတဲ့ degree တွေ (ဥပမာ- Tourism management, journalism, ) ကစလို့ မည်သည့်နယ်ပယ်ကမဆို အဆင်ပြေနိုင်ပါတယ်။ ကိုယ်က English for communicative purpose ကိုသင်ကြားမှာဖြစ်တဲ့အတွက် ကိုယ်အထူးပြုထားတဲ့နယ်ပယ်ကို စိတ်ဝင်စားပြီး English ကိုကျွမ်းကျင်တဲ့သူတယောက်၊ အရည်အချင်းပြည့်ဝစွာနဲ့ degree တခုကိုရယူခဲ့သူတယောက် ဖြစ်နေရင်သင့်လျော်ပါတယ်။

သက်ဆိုင်ရာအတွေ့အကြုံများကိုရယူခြင်း

Classroom assistant, teaching assistant, trainee teacher စတဲ့ position တွေက ကျောင်းသားတွေ၊ freshly graduate တွေအတွက် ကျောင်းတွေ၊ သင်တန်းတွေကနေပြီး သီးသန့်ပြင်ဆင်ထားတာလို့ကို ဆိုရမှာဖြစ်ပါတယ်။ Entry level အတွက်ဆိုရင် trainee teacher ကိုစတင်လျှောက်ထားလို့ရပြီး ဒီကနေတဆင့် assistant teacher, subject teacher, class teacher, lead teacher စတဲ့ position တွေကို ဆက်သွားကြမှာဖြစ်ပါတယ်။

Trainee teacher ကနေ Lead teacher ဖြစ်လာဖို့အတွက်ကတော့ ကျောင်းခြေအနေ၊ ဆရာလှစ်လှပ်နေရာ၊ အရည်အချင်းပေါ်လိုက်ပြီး (၂)နှစ်ဝန်းကျင် အတွေ့အကြုံရှိထားသူတွေက ပိုမြန်မှာဖြစ်တဲ့အတွက် ကျောင်းတက်နေကတည်းက စတင်ပြီး ကိုယ်က ဒီနယ်ပယ်ထဲ စတင်ဝင်ရောက်တာက ပိုအဆင်ပြေစေပါမယ်။

အထူးသတိပြုဖို့လိုအပ်တာက ကိုယ်ကအတွေ့အတွေ့အကြုံလိုချင်တာနဲ့ပဲ ကိုယ်ကသင်ကြားရေးနဲ့ပတ်သက်ပြီး ပိုင်နိုင်စွာ မသိသေးခင် အခမဲ့စာသင်ပေးတာမျိုးလုပ်ဆောင်ချိန်မှာ အမှားတွေမပါဖို့ သေချာ ကြိုတင်ပြင်ဆင်ရမှာဖြစ်ပါတယ်။ လေ့လာသူ ကျောင်းသားတွေက စမ်းသပ်ခံလူပိုဂ္ဂိုလ်တွေမဟုတ်တဲ့အတွက် မှားယွင်းသောအချက်အလက်နဲ့ လေ့လာမှုလွှဲချော်တာတွေမဖြစ်ဖို့က teaching နယ်ပယ်မှာရပ်တည်မယ့်သူတွေ အထူးသတိထားရမယ့် အချက်ဖြစ်ပါတယ်။

တခြား Certificate/ Diploma တွေလိုအပ်သလား

ရှိရင်တော့ပိုကောင်းတယ်လို့ပြောချင်ပါတယ်။ ကျွန်တော်ကတော့ teaching quality ပိုင်းကို အသားပေးပြီး ပြောပါရစေ။ ကိုယ့်ရဲ့ first degree သည် teaching related ဖြစ်သည့်တိုင် English teaching ကကိုယ်လေ့လာခဲ့တဲ့ထဲ မပါဝင်ဘူးဆိုရင် လိုအပ်တဲ့ သင်တန်းတွေကို ထပ်မံတက်ရောက်ပေးရပါမယ်။ အလုပ်မစခင်ကတည်းကတက်ရောက်လို့ရသလို အလုပ်လုပ်နေရင်းလည်း တက်ရောက်လို့ရပါတယ်။ Certificate စာရွက်ရဖို့ထက် သင်ကြားရေးစွမ်းရည် တိုးတက်ဖို့ ရည်ရွယ်ပြီး တက်ရောက်ရပါမယ်။

ဘယ်လိုသင်တန်းတွေ တက်ရောက်ရမလဲ?

အောက်ဖော်ပြပါသင်တန်းတွေကတော့ သင်ကြားတဲ့ institution တွေပေါ်မူတည်ပြီး နာမည်တွေ ကွဲပြားပါလိမ့်မယ်။

  • Teaching Methodology (သင်ကြားရေးနည်းစနစ်များကို သိရှိရန်)
  • Teaching English to Young Learners, Teenagers or Adult Learners (ကိုယ်သင်ကြားလိုတဲ့ အရွယ်ကို ချိန်ညှိပြီး တက်ရောက်လို့ရပါတယ်)
  • Teaching English as a Second Language (အင်္ဂလိပ်ကို ဒုတိယဘာသာစကားအဖြစ် သင်ကြားလိုသူများအတွက်)
  • Integrating Critical Thinking in Language Classroom (cultural-based နဲ့စဉ်းစားတွေးခေါ်နည်းကို ပြုစုပေးတဲ့ သင်တန်း)
  • Using Educational Technology (သင်ကြားရေးဆိုင်ရာနည်းပညာများအသုံးပြုနည်း)

ဒီသင်တန်းအများစုကိုတော့ ကျွန်တော်က OPEN (formally known as American English E-teacher proram), Future Learn, British Council တွေဆီမှာ တက်ဖူးခဲ့တာတွေရှိသလို သူတို့တွေ provide လုပ်နေတဲ့အတန်းတွေဖြစ်ပါတယ်။ ကိုယ်နီးစပ်ရာ သင်တန်းတွေမှာလည်းခပ်ဆင်ဆင်သင်တန်းတွေကိုလည်း တက်ရောက်လို့ရနိုင်ပါသေးတယ်။

လိုအပ်တဲ့ skills တွေကဘာတွေလဲ?
  • ကိုယ်သင်ကြားမယ့် English level ထက် level (၂)ခုအနည်းဆုံးပိုမြင့်နေဖို့အကြံပေးပါရစေ။ ဥပမာ- Basic သင်မယ်ဆိုရင် ကိုယ်တိုင်က Intermediate Level ဝန်းကျင်ရှိနေရပါမယ်။ ဒါတောင်တချို့ institution တွေမှာ အနည်းဆုံး upper-intermediate လောက်ရှိဖို့ကိုတောင်းပါမယ်။
  • သင်ကြားရေးကို communicative နည်းနဲ့ ဘာသာစကားသင်ကြားနည်းတို့ကို သိရှိအသုံးပြုထားဖို့လိုအပ်ပါမယ်။
  • English သင်ကြားခြင်းကို အထူးစိတ်ဝင်စားသူဖြစ်ရပါမယ်။ ဝါသနာကြောင့်ဒီအလုပ်ကို ရွေးချယ်တဲ့သူဖြစ်မှ သင်ကြားသူကော လေ့လာသူအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်။
  • အထူးအရေးကြီးတာက ကိုယ်သည် သင်ကြားသူဖြစ်တဲ့အတွက် စဉ်ဆက်မပြတ်လေ့လာနေသူဖြစ်ဖို့လိုအပ်တယ်။ Teaching နယ်ပယ်သည် အဆုံးမရှိသောရပ်ဝန်းဖြစ်တဲ့အတွက် ကိုယ့်ကိုအကျိုးရှိစေမယ့် သင်တန်းတွေကို အဆက်မပြတ် တက်ရောက်ဖို့ လိုအပ်ပါမယ်။
Career path မှာဘယ်လိုမျိုးဖြတ်ကျော်ရမလဲ

အရှေ့ကခေါင်းစဉ်တွေမှာဖော်ပြခဲ့သလို English language teacher တွေအတွက် ယေဘုယျအားဖြင့်

Classroom assistant teacher/ Teaching assistant ကတော့ undergraduate students တွေလည်း ဝင်ရောက်လုပ်ကိုင်ခွင့်ရတဲ့ position ထဲပါဝင်ပါတယ်။ သင်ကြားမယ့်ဆရာကို သင်ခန်းစာပြင်ဆင်ခြင်း၊ စာရွက်စာရွက်ပြင်ဆင်ခြင်းကစလို့ သင်ခန်းစာမစတင်မီလိုအပ်တဲ့ equipment တွေတပ်ဆင်ခြင်း၊ seating ပြင်ဆင်ခြင်း၊ သင်ခန်းစာသင်ကြားစဉ်တွင်း လိုအပ်သောအရာများ ကူညီခြင်း၊ activities များတွင် လူလိုပါက ပါဝင်ဆွေးနွေးပေးခြင်း စတဲ့အပိုင်းတွေကို လုပ်ဆောင်ခြင်း၊ အတန်းချိန်ပြီးပါက အခန်းအားပြန်လည်ရှင်းလင်းခြင်း လိုအပ်သော feedback အား class teacher ကိုတင်ပြခြင်းတွေလုပ်ရပါတယ်။

Trainee teacher ကိုတော့ fresh graduate တွေကိုစခေါ်တာဖြစ်ပြီး ဒီ position မှာတော့ ဆရာဖြစ်ဖို့ လိုအပ်တဲ့သင်တန်းများ ပေးခြင်း၊ ကိုယ်လုပ်ဆောင်မယ့် သင်တန်းအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖြည့်စည်းပေးခြင်း တွေကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

Young learner teacher/ Teen learner teacher (ဒီအဆင့်ကနေစပြီး institution အလိုက်ကွဲပြားပါတယ်။) ကျွန်တော်တို့နိုင်ငံအနေအထားမှာ အတွေ့အကြုံမများရင် ဒီ position ကစတင်ရလေ့ရှိပေမယ့် ဒီ position ကခက်ခဲဆုံးဖြစ်တယ်ဆိုတာကိုတော့ အထူးသတိပြုရပါမယ်။ လိုအပ်တဲ့ skills အပြည့်အဝရှိမှ position ကိုလက်ခံဖို့လိုအပ်ပါတယ်။ ဒီအဆင့်မှာတော့ သင်ခန်းစာပြင်ဆင်တာကစတင်လို့ ကျောင်းသားတွေရဲ့ တိုးတက်မှုကို စစ်ဆေးတာတွေကို လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ လိုအပ်ရင် မိဘတွေနဲ့တွေ့ဆုံတာတွေကိုလုပ်ရပြီး monthly progress တွေကို program coordinator/ head teacher တို့ဆီကို အစီရင်ခံရတာဖြစ်ပါတယ်။

Adult learner teacher ကတော့ အပေါ်က position နဲ့ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါပေမယ့်မတူညီတာက ကိုယ့်ကို လေ့လာသူတွေကလည်း တိုက်ရိုက်ပြန်လည်အကဲဖြတ်နေမှာဖြစ်ပါတယ်။ Adult learners တွေက အတွေ့အကြုံပိုများကြတာဖြစ်သလို သူတို့တွေက ကိုယ့်သင်ကြားမှုထိရောက်လားဆိုတာကို အမြဲကြည့်နေကြမှာဖြစ်ပါတယ်။ Adult learners တွေရဲ့ အတန်းပြင်ပအခက်ခဲတွေကိုလည်း စာသင်ခန်းထဲယူဆောင်လာလေ့ရှိပြီး ထိုအရာတွေကို မေ့ပျောက်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ဖို့ကို ကောင်းမွန်စွာပြင်ဆင်ပေးရမှာပါ။

Adult learner/ Young learner program coordinator ဒီနေရာကိုရောက်လာရင်တော့ သင်ရိုးညွှန်းတမ်း၊ သင်ရိုးစာအုပ် ရွေးချယ်ပေးတာ၊ သင်ကြားရေးစနစ်ကောင်းမွန်ဖို့ လိုအပ်တဲ့သင်ထောက်ကူပစ္စည်းနဲ့နည်းစနစ်များကို ထည့်သွင်းပေးတာကို လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ ပွဲတော်ရက်တွေကို အခြေခံပြီး လိုအပ်တဲ့သင်ခန်းစာတွေထည့်သွင်းဖို့ အကြံပေးတာတွေကိုလည်း လုပ်ဆောင်ရပါသေးတယ်။ တချို့ institution တွေမှာတော့ အရေးကြီးတဲ့ test တွေအတွက် မေးခွန်းပြင်ဆင်ပေးတာကိုလည်းလုပ်တောင်ကြပါတယ်။

Head teacher ကတော့ တခြား ဆရာ၊ဆရာမတွေရဲ့ သင်ကြားရေးစွမ်းရည်တိုးတက်ဖို့ သင်တန်းတွေပြင်ဆင်ပေးတာ၊ သင်ကြားနည်းစနစ်တွေကို အကဲဖြတ်ပေးတာ၊ အတန်းတတန်းဆီရဲ့တိုးတက်မှု၊လိုအပ်မှုတွေကို ဖြည့်စည်းပေးတာတွေကို လု်ပဆောင်ရပါတယ်။ Teaching အတွက်ဆိုရင်တော့ အပေါ်ကဖော်ပြခဲ့တဲ့ position တွေကိုသွားရတာဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ယေဘုယျအားဖြင့် teaching ပိုင်းအတွက်ဖြစ်ပါတယ်။ တချို့သူတွေကတော့ administration ပိုင်းကိုပါ ကူပြောင်းသွားမယ်ဆိုရင်တော့

  • Language centre manager
  • Principle
  • School director စတဲ့အပိုင်းတွေအထိ သွားလို့ရတာဖြစ်ပါတယ်။
Master degree လိုအပ်ပါသလား

အစပိုင်းမှာမလိုအပ်ပေမယ့် higher position သွားတဲ့အချိန်မှာလိုအပ်ပါတယ်။ တက်ရောက်ဖို့သင်တန်းအမျိုးအစားတွေကတော့ ကိုယ်သင်ကြားတဲ့နယ်ပယ်နဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး ရွေးစရာအများကြီးရှိပါတယ်။

ကိုယ်က teaching နဲ့ဆိုင်တဲ့ အတွေ့အကြုံလုံးဝမရှိသေးဘူးဆိုရင် English Language Teaching, Teaching English as a Second Language, Teaching Methodology တွေကိုတက်လို့ရသလိုအုပ်ချုပ်ရေးပိုင်းကိုသွားချင်ရင်တော့ Educational Leadership, Educational Management တွေရှိသလို မသန်သော်လည်းစွမ်းသူများအတွက် အထူးလေ့လာလို့ရတဲ့ Autism Studies, Inclusive education စတာတွေလည်း ရှိနေပါသေးတယ်။

စာရေးသူ အမြင်နဲ့ Tips

ကိုယ်ကတက္ကသိုလ်အရွယ်ကနေစမယ်ဆိုရင် ပထမဆုံးစာလုပ်တာက teaching နှင့်ပတ်သက်သော certificate course တွေကိုစတက်ပါ။ ကိုယ့်ကိုသင်ကြားနည်းနဲ့ပတ်သက်ပြီး သေချာစွာသင်ကြားပေးနိုင်မယ့် သင်တန်းကိုရှာပြီး တက်ရောက်လို့ရပါတယ်။ သင်ကြားနည်းနဲ့ပတ်သက်ပြီး သိသွားပြီဆိုရင် Classroom assistant တွေစလျှောက်ကြည့်ပါ။ တချို့သင်တန်းတွေမှာ volunteer ခေါ်ပါတယ်။ Unpaid volunteer ဖြစ်နေရင်တော့ ကိုယ်ပေးတဲ့အားအင်၊ အချိန်နဲ့ ပြန်ရမယ့်အတွေ့အကြုံကိုတော့ စတင်ချိန်ညှိကြည့်လို့ရပါတယ်။

ဒီနယ်ပယ်ကိုစရွေးရင်တော့ ကိုယ့်ရဲ့ယဉ်ကျေးမှုအခြေနေတွေအရ ကိုယ့်ဆီမှာလက်လွတ်လိုက်ရတဲ့ လွတ်လပ်မှုတွေ အနည်းနဲ့အများရှိပါမယ်ဆိုတာကိုလည်း ကြိုတင်တွေးတောထားဖို့လိုပါမယ်။ ကိုယ့်ရဲ့ social life နဲ့ carbon footprint တွေကို အနည်းနဲ့အများ စောင့်ကြည့်နေကြတာကလည်း ကြိုတင်မတွေးထားတဲ့ အချက်တွေအဖြစ်ရှိနေမှာပါ။

အရေးအကြီးဆုံးကတော့ ကိုယ်ကစေတနာအပြည့်နဲ့ပညာတွေမျှဝေမယ်၊ ရိုးရှင်းတဲ့စိတ်နဲ့ ကြိုးစားပြီးလေ့လာမယ်၊ ကိုယ်သိထားတာကို ဖြူစင်စွာမျှဝေမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ထူးခြားတဲ့ job satification ကိုရရှိမှာပါ။  မလိုအပ်တဲ့ traditional concept တချို့ကိုမေ့ထားပြီး innovative teaching approach တွေကို မကြာမီတွေ့မြင်ရမယ်လို့မျှော်လင့်ရင်း အောင်မြင်သော language teachers တွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။